"NCA ထိုးမည့် မွန်ပြည်သစ်ပါတီနှင့် လားဟူအဖွဲ့၏ ဒေသများကို ဂျပန်ကူညီမည်"

in #myanmar7 years ago

"NCA ထိုးမည့် မွန်ပြည်သစ်ပါတီနှင့် လားဟူအဖွဲ့၏ ဒေသများကို ဂျပန်ကူညီမည်"

မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) တွင် လက်မှတ်ရေးထိုးပြီးပါက ၎င်းတို့ပြည်နယ်ဒေသရှိ အခြေခံအဆောက်အဦများကို ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်အစိုးရကိုယ်စား နိပွန်ဖောင်ဒေးရှင်းက ပြောကြားသည်။

နေပြည်တော်ရှိ ကန်ပါစကီး (Kempinski hotel) ဟိုတယ်တွင် ၎င်းတို့အဖွဲ့အစည်း ၃ ခုက မီဒီယာများနှင့် တွေ့ဆုံပြီး ပြောကြားလိုက်ခြင်း ဖြစ်သည်။

မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည် ယနေ့ (ဖော်ဖော်ဝါရီ ၁၃) ရက်တွင် နေပြည်တော်၌ NCA လက်မှတ် ရေးထိုးမည်ဖြစ်သည်။

နိပွန်ဖောင်ဒေးရှင်းအနေနှင့် NCA လက်မှတ်ရေးထိုးထားသည့် KNU (ကရင် အမျိုးသားအစည်းအရုံး) ၏ နယ်မြေဒေသဖြစ်သော ကရင်ပြည်နယ်အတွက် အမေရိကန်ဒေါ်လာ သန်း ၄၀ ကို ပြည်နယ်အစိုးရမှတစ်ဆင့် ကူညီပေးခဲ့ကြောင်း နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာရိုဟဲ အီဆာဆာကာဝါက ပြောကြားသည်။

၎င်းတို့ကူညီဆောင်ရွက်သည့် အခြေခံကိစ္စများမှာ အိမ်၊ ကျောင်း၊ ဆေးရုံနှင့် ဆေးခန်းများ စသည့် အခြေခံအဆောက်အဦများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အီဆာဆာကာဝါက ဆိုသည်။

ဂျပန်အစိုးရအနေနှင့် မြန်မာနိုင်ငံမှ ရရှိမည့် အကြွေးငွေ ယန်း ၄၇၀ ဘီလီယံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံလာရောက်စဉ် လျှော်ပေးလိုက်ပြီးနောက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဆက်လက်အကူအညီပေးနေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့၏ ဒေသကို မည်မျှကူညီမည်ကိုမူ မပြောနိုင်သေးသော်လည်း မိတ်ဆွေများကဲ့သို့ ကူညီထောက်ပံ့သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အဖက်ဖက်က ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့သည် NCA လက်မှတ်ရေးထိုးမည် ဖြစ်သော်လည်း UNFC မှ ခွဲထွက်ခြင်းမဟုတ်ကြောင်း ယင်းအဖွဲ့တို့၏ ဥက္ကဋ္ဌနှစ်ဦးက ဆိုသည်။

ယင်းအပြင် NCA လက်မှတ် မထိုးသေးသည့် အဖွဲ့များကိုလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာစေရေးအတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းတို့နှစ်ဦးက ပြောကြားခဲ့သည်။

image
Source : The Voice
http://thevoicemyanmar.com/latest-news/17346-nca