-ဆွမ်းကပ်လှူရခြင်း၏ အကျိုး-
ယနေ့ဟာဖြင့် မြန်မာဗုဒ္ဓဘာသာဝင်တိုင်း၏ နေ့ထူးနေ့မြတ် နှစ်ဆန်း (၁)ရက်နေ့ကလေးပေါ့။ ဆိုသည့်အတိုင်း ဗုဒ္ဓဘာသာ ဝင်တိုင်း သံဃာတော်များ၊ ဘုန်းကြီးကျောင်းများ သို့ဆွမ်းကပ် ဆွမ်းခံစိမ်း အသီးသီး လှိုက်လှိုက်လှဲလှဲ ကပ်လှူပူဇော်ကြ လေရဲ့။ ထိုထဲတွင်လည်း ကျွန်ုပ်တို့ မြို့သူ/မြို့သား သူတော် ကောင်း အပေါင်းတို့မှလည်း မြို့နီးချက်စပ် ကျေးရွာများအပါ အဝင် ဘုန်းကြီးကျောင်းပေါင်း (၁၈)ကျောင်းအား ဆွမ်းခံစိမ်း ကပ်လှူသည့် နေ့ကလေးပင်။
နှစ်စဉ် နှစ်ဆန်း(၁)ရက်နေ့တွင် ဘုန်းကြီးကျောင်းပေါင်း (၁၈) ကျောင်းမှ မြို့အတွင်းသို့ ဆွမ်းခံစိမ်း လှည့်လည်ရာ နံပတ်စဉ် မဲနှိုက်သည့် အစီ အစဉ် ပါဝင်ခဲ့လေသည်။နေ့လည် ၃နာရီ ဝန်းကျင်ခန့် ဆွမ်းခံစိမ်းအလှူခဲ့စတင်ထွက်ခဲ့ကြရာ ကျွန်ုပ် ဝေယာဝစ္စ အများဆုံး ပြုလုပ်နေကျ အုန်းပင်မဟာဿကျမုနိ ဘုရား (အုန်းပင်) ကျောင်းမှ မဲနှိုက်ရာ နံပတ် (၁)ကျသဖြင့် ဘုန်းကြီးကျောင်းသား ကျွန်ုပ်တို့ ပျော်ရွှင်ကြပေသည်။

နံပတ်အသေးကျ၍ ဆွမ်းဆန်လည်း များများရမည်။ ကျောင်း ပေါင်း (၁၈)ကျောင်း သံဃာတော်ပေါင်း (၁၈၀)ကျော်ဖြစ်ပြီး နံပတ်အသေးကျ၍ ကျောင်းသို့လည်း စောစောပြန်ရောက် ပေမည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့ မြို့တစ်ဝက်ပတ်ပြီး သည်နှင့် ဆွမ်းဆန်တော်များအား ကျောင်းသို့တစ်ခေါက် ကားဖြင့်ပြန်ပို့ရချေပြီ။ ဆန်တစ်အိပ် ကျွန်ုပ်လည်း မထမ်းနိုင်ပါ သို့သော် သံဃာဝေယာဝစ္စ ဖြစ်၍ အများနှင့်အတူ ကျွန်ုပ်လည်း ဝိုင်းဝန်းကာ ကားပေါ်မှ ကျောင်းပေါ်သို့ထမ်း ချခဲ့လေသည်။

ပြီးနောက် သံဃာတော်များနှင့် ကျောင်းသား အချို့မှကျန်မြို့ တစ်ဝက် ပတ်၍ အလှူခံထားသော ဆွမ်းဆန်များ၊ ရေသန့်ဗူး သေးများနှင့် အချိုရည်ဗူးများအား တစ်ခေါက်သယ်ယူ၍ ကျောင်း သို့ပို့ပြီး ကျွန်ုပ်တို့လည်း အိမ်သို့ပြန်ခဲ့ချေပြီ။ စုစုပေါင်း သောင်းပြောင်း ဆွမ်းဆန် အိပ်ပေါင်း (၅၀)ကျော်နှင့် အခြား ကြက်သွန်များ၊ စားဆီများစွာ အလှူခံရရှိခဲ့ပေသည်။

အလျင်းသင့်စွာဖြင့် ဆွမ်းနှင့်ပတ်သတ်၍ ကျွန်ုပ်ဖက်ဖူးခဲ့ အမှတ်ရမိသော ဆွမ်းအကျိုးနှင့် ရေအကျိုး အကြောင်းကို ဆက်လက်ဖော်ပြပါဦးမည်။ဖြစ်လေရာ ဘဝတိုင်းတွင်ရရှိသော ဆွမ်းအကျိုး (၅)ပါးနှင့် ဆွမ်းကပ်လှူရသော အကျိုး (၁၂) ပါး ရှိပါသည်။

Image Source
ဖြစ်လေရာဘဝတိုင်းတွင် ရရှိသောဆွမ်းအကျိုး(၅)ပါးမှာ.....
စဉ် | ပါဠိ | မြန်မာ |
---|---|---|
၁ | အာယု | အသက်ရှည်ခြင်း |
၂ | ၀ဏ္ဏ | အဆင်းလှခြင်း |
၃ | သုခံ | ချမ်းသာခြင်း |
၎ | ဗလံ | ခွန်အား ကြီးခြင်း |
၅ | ပဋိဘာန | ဉာဏ်ပညာ ကြီးခြင်း |
တို့ဖြစ်ပါသည်။
ဆွမ်းကပ်လှူရသော အကျိုး(၁၂)ပါးမှာ.....
စဉ် | အကျိုး |
---|---|
၁ | တစ်ထောင်သော နတ်ပရိတ်သတ် အခြွေရံရှိခြင်း |
၂ | အကြိမ်တစ်ထောင် စကြာင်္မင်းတို့၏ မိခင် အဖြစ်ကို ရခြင်း |
၃ | မရေတွက်နိုင်သော ပဒေသရာဇ်မင်းအဖြစ်ကို ရခြင်း |
၎ | ကြာညိုပန်းအဆင်းနှင့် တူသော အဆင်းရှိသည် ဖြစ်၍အလွန်အဆင်း လှခြင်း |
၅ | ကိုယ်အင်္ဂါ အားလုံး နှင့် ပြည့်စုံသည်ဖြစ်၍ လွန်စွာ ရှုချင်စဖွယ် ရှိခြင်း |
၆ | မြတ်သော အမျိုး၌ ဖြစ်၍ အလင်းရောင် ကိုဆောင်နိုင်ခြင်း |
၇ | မောင်းမ တစ်ထောင် တို့၏ အကြီးအမှုး ဖြစ်ခြင်း |
၈ | မရေမတွက်နိုင်သော သင်္ကန်း, ဆွမ်း, ဆေးပစ္စည်း ကျောင်းအိပ်ရာနေရာ တို့ကို ရရှိခြင်း |
၉ | ဆွမ်းလှူခဲ့သည့် အချိန်မှ စ၍ သုံးဆယ့်တစ်ကမ္ဘာ တိုင်တိုင်ဒုဂ္ဂတိဘဝသို့ မလားရောက် ရခြင်း |
၁၀ | လူဘဝနှင့် နတ်ဘဝ နှစ်မျိုး တို့၌သာ ကျင်လည်ခဲ့ ရခြင်း |
၁၁ | များသော စည်းစိမ်း ဥစ္စာရှိ၍ မြင့်မြတ်သော အမျိုး၌ ဖြစ်ရခြင်း |
၁၂ | နောက်ဆုံးဘဝ၌ ကိလေသာကုန်ခန်း၍ ရဟန္တာဖြစ်ရခြင်း |
တို့ဖြစ်ပါသည်။
ဤတွင် တစ်ဆက်တည်း ရေးအကျိုး (၁၀)ပါးအား ဆက်လက် ဖော်ပြပေဦးမည်။

Image Soruce
ရေအကျိုး (၁၀)ပါး
စဉ် | အကျိုး |
---|---|
၁ | စင်ကြည်ခြင်း |
၂ | လျှင်မြန်ခြင်း |
၃ | ကျော်စောခြင်း |
၎ | မွတ်သိပ်ခြင်းမှ ကင်းခြင်း |
၅ | အခြံအရံများခြင်း |
၆ | အသက်ရှည်ခြင်း |
၇ | အဆင်းလှခြင်း |
၈ | ခွန်အားကြီးခြင်း |
၉ | ပညာကြီးခြင်း |
၁၀ | ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝခြင်း |
တို့ဖြစ်ပါသည်။
တစ်ခါက ဒကာမကြီးတစ်ဦးသည် ဘုန်းကြီးထံသို့ ရေအိုး ကလေးရွက်၍ ရေအလှူကပ်လေသည်။ ထိုစဉ်တွင် ဒုတိယ ဒကာမကြီးတစ်ဦးမှလည်းဆွမ်းချိုင့်ကလေး သယ်၍ ကျောင်း ထဲသို့ ဝင်လာလေသည်။ ဘုန်းကြီးမှလည်း ရှေးဦးစွာကပ်လှူ သော ဒကာမကြီး၏ ရေအလှူအား ခံတော်မူပြီးလျှင် မတောင်း ဘဲပြည့်သည့် ရေးအကျိုး (၁၀)ပါးအား ဆုပေးတော်မူသည်။
ပြီးနောက် ဒုတိယ ဒကာမကြီးကလည်း ဆွမ်းချိုင့်လေးအား အပ်နှံ၍ ဆွမ်းကပ်တော်မူပြန်သည်။ ဘုန်းကြီးမှလည်း ကပ်လှူ သော ဆွမ်းအား လက်ခံ၍ ဆွမ်းအကျိုး (၅)ပါးအား ဆုပေး တော်မူလေသည်။ ဤတွင် ပြသနာကစတော့သည်။ ပထမ ရေလှူသော သူအား ရေအကျိုး (၁၀)ပါးပေး၍ မိမိ ကျိုးစား၍ ရင်းနှီးချက်ပြုတ် လှူဒါန်းသော် ဆွမ်းအား အကျိုး (၅)ပါးသာရ သည့်အတွက် ဆွမ်းကပ်သော ဒကာမကြီး မှ မကျေနပ်ချေ။ ဘုန်းကြီးအား လျှောက်လေတော့သည်။
"ဘုန်းဘုန်း ဘုရား.... မည်သည့် အရင်းအနှီးမျှ မရှိသော ရေအလှူ ကဖြင့် အကျိုး (၁၀)ပါးရ၍ တပြည့်တော် ကိုယ်တိုင် ချက်ပြုတ် ရသော ဆွမ်းအလှူ ကဖြင့် အဘယ်သို့(၅)ပါးသာ ရရှိပါလဲဘုရား.."
"ဒကာမကြီး...၊ ဒကာမကြီးဆွမ်းချက်တော့ဖြင့် ရေထည့်မချက်ရပေဘူးလားကွဲ့..."
"ထည့်ရပါတယ် ဘုရား"
"ဤသို့ဆိုဖြင့် ဒကာမကြီးက ရေးအကျိုး (၁၀)ရော၊ ဆွမ်းအကျိုး (၅)ပါး ပါ မရပေဘူးလား"
"မှန်လှပါ ဘုရား..တပြည့်တော် နားလည်ပါပြီဘုရား"
ဤမျှသာ ဆွမ်းအကျိုး(၅)ပါးနှင့် ရေအကျိုး (၁၀)ပါး ရရှိပြီးသားဖြစ်သော ဒကာမကြီးလည်း ကျေနပ်ဝမ်းသာ၍ ကျောင်းပေါ်မှ ပြန်ဆင်းသွားလေတော့သည်။
မိတ်ဆွေအပေါင်းတို့လည်း ဆွမ်းကပ်လျှင် ရေအကျိုး(၁၀)ပါး ကုသိုလ်ပါ ရရှိပြီးဖြစ်ကြောင်း အသိပေးရင်း.......။
(ခင်မင်လေးစာစွာဖြင့် ဖြိုးဇော်ဦး ကျုံမငေး)
@phyozawooburmes
MSC-071

အဲတော့ ၁၅ ပါးရတာပေါ့ ကိုဖြိုးရေ
သာဓု သာဓု သာဓုပါရှင်။
ဟီး။
ဖတ်စရာမှတ်စရာတွေကိုတစုတစည်းတည်းတင်ပေးတဲ့အတွက်ကျေးဇူးပါ
ဟုတ်ကဲ့ အစ်ကို ညီလည်း ရေးကြည့်တာ
ဗဟုသုတရပါ့ ကပ္ပိယကိုဖြိုကြီးရေ့
ဘုန်ကြီးဝတ်မသွားနဲ့နော်
ဟဲဟဲ စိတ်ချ ဝတ်ဘူး..။☺
သာဓု ခေါ်ပါတယ် ညီလေးရေ 😊😊
ဟုတ်ကဲ့ပါ အစ်ကို။
တစ်ကယ် ကောင်းမွန်တဲ့  post ကောင်းတစ်ခုဗျာ
သာဓုပါဗျာ
ကောင်းလို့လားဂျ။😀
ဗဟုသုတရပါတယ်...နစ်သစ်မှာပျော်ရွင်ပါစေ...
ဟုတ်ကဲ့ပါ အစ်မ ကျေးဇူးတင်ပါတယ်နော်။
သာဓု သာဓု သာဓု ပါကိုဖြိုးရေ
အဟီး
အခုလို တစ်ချက်ခြင်း အသေးစိပ်ဖော်ပြထားတော့ ပိုမိုအဆင်ပြေတာပေါ့ ကိုဖြိုးဇော်ရယ်
ဟုတ်အကို။ ညီလည်းအသိပေးတာပါ။
ဖတ်ရတာ ကောင်းပါ့ဗျာ ။တန်ဘိုးရှိပါပေတယ်။
ကျေးဇူးပါ အစ်ကို